ကိုယ်ယောင်ဖျောက်အလွမ်း

နေရောင်ခြည်ထဲ
ငါရောနင်ပါ ပျော်ခဲ့ဖူးတာပဲ...
အလင်းပွင့်သစ်တွေနဲ့
ချိုမြမြ နင့်နှုတ်ခမ်းတွေ
ရှတတ အိမ်မက်လေးတွေနဲ့
ငါ့ရင်ဘတ်ထဲက ဝေဒနာတွေ
ကမ္ဘာတစ်ဖက်မှာ ကျန်နေခဲ့သလား
ချန်နေရစ်ခဲ့တာလား
အမှောင်တွေဖုံးသွားတော့
အလဲလဲအပြိုပြို
ထိခိုက်မဆုံးပေါ့
ကံကြမ္မာ တပတ်နွမ်းကျီစားသမျှ
မျှော်နေတဲ့ လေညင်းထဲ နင့်နာမည်များကြားရနိုင်မလား
တစ်ည ..နှစ်ည..အို ...ဘယ်နှစ်ညတွေလဲ
ချစ်သမျှအကြောင်းပြောဖို့
နေ့ရှိသရွေ့ ငါစောင့်နေချင်တယ်
ရပ်တန့်မရတဲ့ အချစ်တွေအတွက်
နင့်ကို သက်သေပြချင်တယ်
ဘ၀တစ်ခုလုံးရဲ့ အလှည့်အပြောင်းလေးအတွက်
ကိုယ်ထင်ပြလှည့်ပါ
နတ်သမီးရယ်။

နှစ်ဆယ့်လေးကြိမ်မြောက်ရက်ရာဇာ

နှစ်ဆယ့်လေးကြိမ်မြောက်ရက်ရာဇာဖြစ်မလား
စကားမစပ်
အဲဒီနေ့ဟာ ၂၀၁၀ ခုနှစ် မေ ၃၁ ရက် တနလာင်္နေ့ဖြစ်ပြီး
ကျွန်မအသက် ၂၄ နှစ်ပြည့်သွားပါပြီ။

ဆပ်ပြာဖူဖောင်းလောကထဲ ကိုယ့်ဘ၀ကိုယ် ၀ကွက်အပ်ပြီး
ပြောင်းလဲမရသေးတဲ့ အယုံအကြည်လွယ်တဲ့စိတ်ရယ်
အဖေပြောတဲ့ဆုံးမစကားတွေနဲ့ အမေရဲ့ မေတ္တာတွေသုံးပြီး
သိပ်မများတဲ့ ပညာညဏ်ကလေးနဲ့ လူဖြစ်အောင်နေတဲ့အခါ
တခါတလေ လူဆိုးလို့သမုတ်ခံရပြီး
လူလိမ္မာ ဖြစ်ချင်တဲ့အခါ ဖြစ်ပါတယ်။

အတွေးကလေးနက်တဲ့အခါ
ကိုယ့်ကိုယ်ကို ၁၆ နှစ်မဟုတ်တော့ တာ
သတိပေးဖြစ်တယ်။

ဒီလိုနဲ့ပဲ
ဘ၀မှာ ပိုင်ဆိုင်ထားသမျှ
အပြုံးတွေ
အမုန်းတွေ
အလွမ်းတွေ
အချစ်တွေ ပေါင်းစပ်ပြီး
ရန်ကုန်မြို့ရဲ့ တစ်နေရာမှာ
နှစ်ဆယ့်လေးကြိမ်မြောက် ရက်ရာဇာကို ကျော်ဖြတ်ခဲ့ပါတယ်။

သစ်ပင်

ကိုယ်တိုင်ပေါင်းသင်စိုက်ပျိုး

ဘ၀ ၀က်သစ်ချစေ့လေး အရွယ်ရောက်လာ

လောကအလယ် နွေကန္တာမှာ

နေပူမိုးကာ ဖြစ်ချင်မှဖြစ်အုံးမယ်

တိတ်တိတ်ဆိတ်ဆိတ် ငြိမ်သက်လို့

အနာဂတ်အတွက် အားမွေးနေလိမ့်မယ်

သစ်တစ်ပင်ကောင်းဖြစ်ဖို့

ကြိုးစားခြင်းအနန္တ

ငှက်တစ်သောင်းလုံးနားဖို့

ငါခွင့်မပြုနိုင်

ဓါးဒဏ်ရာအထစ်ထစ်ပင်စည်

လိုရာဆွတ်ယူ အသီးအပွင့်များ

သေတပန်သက်တစ်ဆုံး

မျက်လုံးထောင်သောင်းကြားထဲ

သစ်ပင်ကောင်းပဲဖြစ်ပါရစေ။

အားမာန်

အဲဒီ မေ ပေါ့
ခြောက်ခြောက်ခြားခြားနဲ့
လီလီပန်းကလေးတွေ... ငို

ဟာလာဟင်းလင်း
ဟောဒီနေမင်းအောက်မှာ
ပန်းကလေးတွေအားလုံး
အပြိုင်းအရိုင်းစတေးခံခဲ့ရ

တက်ကျိုးရင် လက်ထိုးလှော်မယ်တဲ့
ဧရာဝတီသားတို့ ကြုံးဝါးကြတယ်

အကာမရှိသေးတဲ့ မြို့ကလေးရေ
ရွာပျက်တာ
ကမ္ဘာပျက်တာ ဆိုပေမဲ့
ငါတို့ အနာဂတ်တွေ
ပျက်လို့မဖြစ်တာ
နင်သေချာသိပါစေ

အဆုံးမသိခရီးသည်

ရန်သူအတွက် ခြေရာ ကျန်နေမလား

ထင့်နေတဲ့ စိတ်တစ်ခုတည်းနဲ့

ကိုယ့်အရိပ်ကို ကိုယ်စိုက်ပျိုးတယ်

ရပ်တည်မှုမှန်ပေမဲ့

မြေမစစ်တော့ အပင်မသန်ခဲ့ဘူး

တနေ့နေ့ဆိုတာကို မျှော်လင့်ပြီး

တရွေ့ရွေ့ချီတက်ကြဆဲ

ရှည်လျားလွန်းတဲ့ နွေခရီးထဲက

ယူဇနာမတွက်တဲ့ ခရီးသည်တွေ............။

အလင်းရောင်

နူးနူးညံ့ညံ့ လောကကလေးပါ

လိုအင်ဆန္ဒ အတ္တ တွေဝေးလို့

မေတ္တာတရားတွေ အပြန်အလှန်ဖလှယ်

လက်နက်တွေဘေးချထားကြမယ်

ငြိမ်းချမ်းရေးဆိုတာ

အက်ကွဲလွယ် မှန်ကလေးတစ်ချပ်

သူပြုံးလဲကိုယ်ပြုံး သူမဲ့လဲကိုယ်ပြုံးပေးလိုက်ပါ

အယူအဆတွေ အမှောင်ဖုံးလို့

သွေးစက်တွေ လွှမ်းတဲ့အခါ

ဒို့မျက်ရည်တွေ ချောင်းမဆန့်ပင်လယ်ဖြစ်ကြလိမ့်မယ်

မာန်နတ်မရှိတဲ့ ကမ္ဘာလေးထဲ

တစ်ယောက်နဲ့တစ်ယောက် လက်ချင်းတွဲကြမယ်

အစ္စရေးတွေ စိုက်ပျိုးတဲ့မိုးပျံဥယျာဉ်ထဲ

ပါလက်စတိုင်းကလေးတွေ ဆော့ကစားကြ

ကိုရီးယားနှစ်နိုင်ငံကြားက နယ်ခြားမျဉ်းပေါ်

ကြယ်တွေနဲ့အတူ ဖြတ်သန်းကြ

ဘာသာတရားဆိုတာ လူကောင်းဖြစ်စေဖို့

အထိန်းအကွပ်ပါကွယ်

ငါတို့တွေ မျက်ကန်းမျိုးချစ်မဖြစ်ကြစေနဲ့

သံသယတွေ ဘေးဖယ်

ဟောဒီမြေကြီးပေါ်နင်းသမျှ လူသားတိုင်း

ငြိမ်းချမ်းရေးပန်းကလေးတွေ

ထာဝရလန်းဖို့

ကြိုးစားကြမယ်။

မေမေ


မေမေနဲ့ပက်သက်လို့မှတ်မိသလောက်ပေါ့လေ ..........................

ကျွန်မအသက် လေးနှစ် - အမေနဲ့ ဘုရားပွဲဈေးတန်းလျှောက်တယ်။ မှတ်မှတ်ရရ ကျွန်မကိုမေမေသနပ်ခါးလိမ်းပေးထားတယ်။ ပါးမှာပါးကွက်နဲ့ ကြက်တောင်စည်းဆံပင်လေးစည်းပြီးအမေ့လက်ကိုဆွဲပြီးပွဲဈေးသွားခဲ့တယ်။ အဲတုန်းက ကျွန်မအရပ်က မေမေ့ပေါင်တစ်ဝက်နားလောက်ပဲရှိမယ်။ အမေ့လက်ကြမ်းကြမ်းထဲ ကျွန်မလက်နုနုလေးထည့်ပြီး ပွဲဈေးလျှောက်ခဲ့ရတဲ့အရသာကိုဒီနေ့ထိမမေ့ဘူး။

ကျွန်မအသက်ငါးနှစ်- အမေကျွန်မကိုကျောင်းလိုက်ပို့တယ် ။ ပထမဆုံးကျောင်းတက်ရက်မှာပေါ့။ ရပ်ကွက်ထဲကကျောင်းမှာ..။ အတန်းပိုင်ဆရာမကိုအပ်ပြီး ကျောင်းတက်ခေါင်းလောင်းထိုး ကျောင်းတံခါးပိတ်သွားတဲ့အထိ ခြံစည်းရိုးအပြင်ဘက်မှာ ကျွန်မကိုလှမ်းကြည့်နေတဲ့မေမေ့.မျက်နှာကို အခန်းပြတင်းပေါက်ကနေကြည့်ပြီး ကျောင်းသားတွေဆိုနေကြတဲ့ ကမ္ဘာမကြေသီချင်းနဲ့အပြိုင် ငိုရင်းနဲ့ အော်ခေါ်နေခဲ့တယ်။

ကျွန်မအသက် ခြောက်နှစ် - အတန်းထဲမှာ ပထမရတော့ ဆုပေးပွဲလုပ်တဲ့နေ့မှာ မေမေ အရမ်းကိုပျော်ခဲ့တာ မှတ်မှတ်ရရပါပဲ။ ပါတိတ်ထမီရိုးရိုးလေးဝတ်ပြီး တခြားမိဘတွေထက် ကျယ်တဲ့လက်ခုပ်သံတွေ တီးနေခဲ့တဲ့ ကျွန်မမေမေဟာ ကျွန်မဘ၀ရဲ့ တကယ့်လက်ဦးဆရာပါ။ မေမေသင်ပေးခဲ့တဲ့ ၀လုံးလေးတွေ ကကြီး ခခွေးလေးတွေရေးပြီး ရခဲ့တဲ့ ပထမဆုံးဆုလာဘ်ပါပဲ။

ကျွန်မအသက် ၁၀နှစ် - ကျွန်မဖေဖေကင်ဆာဖြစ်လို့ဆေးရုံတက်နေရတော့ အဖွားအိမ်မှာ သွားနေခဲ့ရတယ်။ အမေနဲ့ပထမဆုံးခွဲပြီးအိပ်ခဲ့ရတဲ့ ညမှာ ခေါင်းအုံးထဲမျက်နှာအပ်ပြီးမျက်ရည်ရွှဲနေခဲ့တယ်။ အမေလာမလား လာမလားနဲ့ညနေစောင်းတာနဲ့မျှော်နေခဲ့ရတာ။ အရိပ်တခုခုခပ်ဝေးဝေမှာမြင်တိုင်းအမေလားလို့ကြည့်နေခဲ့တာ ပြန်စဉ်းစားတိုင်းရင်ထဲနင့်နေခဲ့တယ်။ မေမေကတော့ သေကောင်ပေါင်းလဲဖြစ်နေတဲ့ဖေဖေ့အနားမှာ နေ့မအိပ်ညမအိပ်နဲ့ ။ ဘယ်လောက်များပင်ပန်းနေခဲ့မလဲ။

ကျွန်မအသက် ၁၄ နှစ်- ဆေးကုသစရိတ်နဲ့ အိမ်စရိတ် ကျောင်းစရိတ်ကြောင့် မေ့မေ့ကို ဖေဖေ၀ယ်ပေးထားခဲ့တဲ့လက်ဝတ်လက်စားလေးတွေ တစ်ခုပြီးတစ်ခု ပြန်ရောင်းခဲ့ရတယ်။မေမေအရမ်းကြိုက်တဲ့ လော့ကတ်သီးလေး …နောက်ဆုံးမေမေ့အမေပေးခဲ့တဲ့ ပုလဲနားကပ်လေး (အိုး မေမေအရမ်းစိတ်ဆင်းရဲနေခဲ့ရမှာပဲ) ။ ကျွန်မမသိအောင် မေမေထမ်းခဲ့တဲ့ဝန်ထုပ်ဝန်ပိုးတွေ ဘယ်လောက်တောင်များနေခဲ့သလဲ။

ကျွန်မအသက် ၁၆ နှစ် - ကျွန်မဆယ်တန်းရောက်ပြီ။ စာကျက်ရတာပင်ပန်းလိုက်တာ ငါ့သမီးလေးသနားပါတယ်တဲ့လေ။ ကျွန်မစာကျက်နေတဲ့ထမင်းစားပွဲကြီး ခြင်ထောင်ထဲထည့်ပြီး ကျွန်မဘေးနားမှာမေမေငုတ်တုတ်ထိုင်စောင့်ပေးခဲ့တယ်။ ကျွန်မသချာင်္ညံ့လို့ မတွက်နိုင်တဲ့ပုစ္ဆာတွေ မေမေမြင်တော့ စိတ်ညစ်နေတဲ့ကျွန်မကို သမီးရယ် အဲစာတွေ အမေရှင်းပြပေးနိုင်ရင်ကောင်းမှာပဲတဲ့လေ။ အမေ၀မ်းနည်းနေမှာကျွန်မသိတယ်။ ငယ်ငယ်တုန်းက ကျွန်မရဲ့လက်ဦးဆရာမေမေဟာရှစ်တန်းအောင်တဲ့အထိပဲ ကျောင်းနေခဲ့ရရှာတာပါ။ သူ့မိသားစုအတွက် အနစ်နာခံပြီးကျောင်းထွက်စီးပွားရှာခဲ့တော့ ပညာရေးမှာမပြည့်စုံခဲ့တော့ဘူး။ မေမေရေ မေမေ့အတွက် သမီးကြိုးစားပါ့မယ်။

ကျွန်မအသက် ၁၆ နှစ်ကျော်- ဆယ်တန်းအောင်စာရင်းထွက်တဲ့နေ့။ မှောင်နေတဲ့လမ်းမကြီးပေါ် သားအမိနှစ်ယောက်လက်ချင်းချိတ်ပြီး အောင်စာရင်းသွားကြည့်ကြတယ်။ တစ်မြို့နယ်လုံးမှာ မြန်မာစာဂုဏ်ထူးထွက်တဲ့သူရှားတဲ့အချိန် ကျွန်မ နှစ်ဘာသာဂုဏ်ထူးထွက်တော့ မြန်မာစာပါတာကိုကြည့်ပြီး ကျွန်မထက်ပျော်တဲ့သူဟာ အမေပဲရှိလိမ့်မယ်။ မိုးတွင်းကြီးမို့ ရွာချလိုက်တဲ့မိုးစက်တွေထဲ ပျော်လွန်းလို့အော်လိုက်တဲ့အမေ့အသံ သောင်းထိုက်ကညံရော့မယ်။

ကျွန်မအသက် ၁၈နှစ် - တက္ကသိုလ်ကျောင်းသူဘ၀ကိုအမေလဲ စိတ်ကူးယဉ်ခဲ့ဘူးမှာပေါ့လေ။ ဂျီတီစီကျောင်းသူဘ၀မှာ T square ကိုင်ပြီး ကျောင်းတက်ရတော့ အမေပြောခဲ့တဲ့စကားလေး အခုထိနားထဲပြန်ကြားယောင်တယ်။ ငါ့သမီးလေးလုပ်နိုင်မယ်ဆိုတာ အမေယုံပါတယ်တဲ့။

ကျွန်မအသက် ၂၀ နှစ်- မနက်စောစောကျွန်မထက်အရင်ထပြီး ထမင်းဘူးပြင် ကျွန်မပြန်လာလို့ မေမေရေ ဗိုက်ဆာတယ်ဆိုတာနဲ့ သုံးမိနစ်ပဲစောင့်လို့ပြောတတ်တဲ့ ကျွန်မအမေပေါ့။ ရုပ်ဝတ္ထုပစ္စည်းတွေ ချို့တဲ့နေခဲ့ပေမဲ့ မေမေ့မေတ္တာတွေ ကျွန်မမှာအလျှံအပယ်နဲ့။ သုံးမကုန်ဖြုန်းမကုန်။

ကျွန်မအသက် ၂၁နှစ်- ကျွန်မရဲ့ဘွဲ့နှင်းသဘင်အခမ်းအနားမှာ မေမေ့ရဲ့စိတ်တွေ မိုးလောက်ထိမြင့်ပြီးပျော်နေရှာမှာ။ ဘွဲ့ရဖို့အလှမ်းဝေးခဲ့တဲ့ ကျွန်မအဖေအတွက်ရယ် အမေအတွက်ရယ် ပညာကိုဆုံးခန်းတိုင်သင်ပြီး နှစ်ဘွဲ့ယူပေးခဲ့တယ်။ ကျွန်မရခဲ့တဲ့ဘွဲ့တွေပညာတွေအားလုံးဟာ မေမေနဲ့ဖေဖေအတွက် ကိုယ်စားပြုပါတယ်။

ကျွန်မအသက် ၂၂နှစ်- အလုပ်ခွင်ထဲရောက်လို့မောပန်းနေတဲ့ကျွန်မအတွက် မေမေဟာ ကျောင်းသားဘ၀တုန်းကရခဲ့သလို အေးမြတဲ့အရိပ်ဖြစ်နေဆဲပဲ။ တစ်ခါတစ်လေအံသြမိတယ်။ မေမေရယ် အဲသလောက်တောင် သမီးကိုချစ်ရသလားလို့။ မေမေ့အသက် ၅၀ပြည့်ပြီ။ မေမေပင်ပန်းလှပါပြီ။

ကျွန်မအသက် ၂၄ နှစ်- ဘုရား၊တရာ၊သံဃာ၊ မိဘ၊ဆရာတို့ရဲ့ ဂုဏ်ကျေးဇူးကြောင့် ကျွန်မ အလုပ်အကိုင်နေရာကောင်းလေးရခဲ့တယ်။ အိမ်ရဲ့ တာဝန်တွေ ကျွန်မပခုံးပေါ်ရောက်နေခဲ့ပြီ။ ငါ့သမီးလေးကို အမေသေရင်တောင်စိတ်ချပြီလို့ပြောပေမဲ့  မေမေ့မျက်လုံးတွေက ကျွန်မကို ငယ်ငယ်တုန်းက ကလေးလေးအမှတ်မြင်ယောင်နေတုန်းဆိုတာ ကျွန်မသိတယ်။ မေမေ့ရဲ့ခေါင်းမှာ ဆံပင်တွေဖြူနေခဲ့ပြီး. အချိုကြိုက်တဲ့မေမေရဲ့ ရှေ့သွားလေးတွေလဲ ပိုးစားလို့မရှိတော့ဘူး။ မေမေ့ခြေဖ၀ါးမှာ အက်ရာတွေနဲ့ ရှတနေလိုက်တာ။ အသက်တစ်ဝက်ရဲ့ဇရာမှာ မေမေကတော့ ကျွန်မအတွက် အခုချိန်ထိမောပန်းရမှန်းမသိ ကွက်လပ်ဖြည့်နေဆဲပါပဲ။

မေမေရေ
အနန္တဆိုတဲ့စကားထက် ပိုလေးနက်မဲ့စကားရှိရင်သမီးထပ်ပြောချင်ပါတယ်။ သမီးဘ၀မှာ မေမေ့သမီးဖြစ်ရတာနဲ့တင် အရာရာအတွက် လုံလောက်နေခဲ့ပါပြီ။
မေမေငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေ။

လွမ်းတော်မူလို့ စာကိုစီ

မိုးတွေရွာပြီးနောက် လေးရက်မြောက်နေ့မှာပိတောက်ပန်းတွေစပွင့်တယ်။ ရန်ကုန်မှာ ဆက်တိုက်အပူကဲခဲ့တာနှစ်လကျော်ခဲ့တာမို့ လူတိုင်းမိုးရေစိုနေတဲ့ ပိတောက်ခက်ကလေးတွေ ကိုင်ပြီးပျော်နေကြတယ်။
တိုက်တိုက်ဆိုင်ဆိုင်ပါပဲ မနက်ငါးနာရီခွဲ မန္တလေးအက်ဖ်အမ်ဖွင့်လိုက်တော့ ဦးသုမောင်ရဲ့ သီချင်းတွေချည်းပဲ ရွေးဖွင့်ပေးတဲ့ အစီအစဉ်လာနေတယ်။ မနက်စောစော စိတ်မကောင်း ဖြစ်ရပါတယ် ဦးသုမောင်ရယ်။ မင်းဂံဘုတ်သီချင်း၊ ချစ်မိုးကြီး ၊ ပြီးတော့ စိုင်းစိုင်းခမ်းလှိုင် တစ်ပိုင်းတစ်စ ပြန်ဆိုထားတဲ့ ဘုံကြိုးပြတ်တဲ့ ဒေ၀ီနတ်မျိုးနွယ်စာသားပါတဲ့သီချင်း.. တစ်ပုဒ်ပြီးတစ်ပုဒ် မရပ်မနားဆိုနေသံကိုကြားရတယ်။ ကိုယ်ဖွင့်တဲ့အချိန် နောက်ကျလို့လားတော့မသိဘူး ။ နဂါးနီသီချင်းလေးတော့ဆိုသွားတာမကြားလိုက်ရဘူး။ ဆိုသွားသလား မဆိုသွားသလားမသိ။ နားထောင်ချင်ပါရဲ့လေ။ တို့များငယ်ငယ်ကတည်းက သူ့အသံ သူ့ဟန်နဲ့ နဂါးနီသီချင်းဟာ ပါးစပ်ထဲအရမ်းစွဲခဲ့တာပေါ့.။ (ဆင်းရဲခြင်းလွတ်ကင်းအောင်လမ်းပြဆောင်ပါမည်..ရတနာခုနစ်သွယ် တကယ်ပင်စုံညီ ဒို့အမျိုးသားတိုင်းပြည် .မွဲတဲ့လူ လှူဒါန်းနိုင်မည် ..ကျောင်းဆောက်ကာ ဘုရားတည်..ဘိုးဘိုးအောင်နဲ့ ရှင်အဇဂေါဏတို့ မတဲ့ကိန်းဆိုက်မည် .....ကျန်းကျန်းမာမာချမ်းချမ်းသာသာ ဘေးရန်ကာဆီးမည် လူမွဲတွေကမနှေးခေတ်မီသူဌေးဖြစ်တော့မည် ဒို့နဂါးနီ) တဲ့..။ ခုထိ စိတ်လိုလက်ရ ညည်းမိနေကြသီချင်းလေးရဲ့ အဆိုတော်ကြီးကတော့ တမလွန်ကို ထွက်သွားရှာလေရဲ့လေ။ မြန်မာပြည်ကြီး သူဌေးဖြစ်တာတောင်မှ မကြည့်သွားတော့ဘူးပေါ့.။
တစ်ခါတုန်းက စာတစ်အုပ်မှာရေးထားတာ ဖတ်ရတယ်။ သူမင်းသားဘ၀တုန်းက စီးခဲ့တဲ့ကားတစ်စီးကို ဈေးအတော်နဲ့ဆိုပြီးရောင်းလိုက်တာ နောက်ဆုံးအခုလက်ရှိပိုင်ရှင် နိုင်ငံခြားက သူဌေးတစ်ယောက်လက်ထဲမှာ အရမ်းတန်ဖိုးကြီးနေပြီဆိုလို့ ဦးသုမောင်အစား ပုထုဇဉ်ပီပီ နှမျောခဲ့ ရဘူးတယ်။
နောက်တစ်ခါကျတော့ သူကိုယ်တိုင်ရေးတဲ့ စာတစ်ပုဒ်မှာ ဘဘဦးသာဓု နေမကောင်းဖြစ်တော့ နွေရာသီမို့ အပူဒဏ်မခံနိုင်လွန်းလို့ သားလုပ်တဲ့သုမောင်က အိမ်ခေါင်မိုးပေါ်ကနေ ရေပိုက်နဲ့ မိုးရွာသလိုဖြန်းပေးခဲ့ရတယ်တဲ့လေ။ ရုပ်ရှင်ထဲက မိုးအတုရွာသလိုပေါ့။ ခုတော့ ဦးလေးသုမောင်ဆုံးတဲ့ ညနောက်တစ်နေ့ ရန်ကုန်မှာမိုးတွေရွာလိုက်တာများ။ ရန်ကုန်ရဲ့ ပထမဆုံး မိုးရာသီတောင် မမီလိုက်ရှာဘူးလို့ဆိုပြီး စိတ်ထဲနင့်နေတယ်။ ပူလွန်းလို့များဆုံးရတာလား ဒါဆိုရင် ဖိုးသောကြာတို့ မောင်နှမတွေ သူ့တုန်းက အဖေကိုလုပ်ပေးခဲ့သလိုမျိုး မိုးအတုလေးရွာပေးလိုက်ရင် ဘယ်လောက်များ ပျော်လိုက်မလဲလို့ မဆီမဆိုင်တွေးမိသေးတယ်။ အထူးကုဆေးခန်းမှာမို့ အဲယား ကွန်း လေးနဲ့ တော့ ရှိလောက်ပါရဲ့ဆိုပြီး ဖြေတွေးတွေးရပါတယ်။ ကိုဖိုးသောကြာကလဲ အဖေကိုချစ်တဲ့ သား ပေကိုး။
ပြီးခဲ့တဲ့သင်္ကြန်ရက်တုန်းက ရေဒီယိုအစီအစဉ်မှာ သူရယ် ဖိုးသောကြာရယ် ပရိသတ်ကို ဘယ်လိုဖျော်ဖြေခဲ့တယ်ဆိုတာ ပြောသွားသံ ကြားလိုက်ရသေးတယ်။ လူထုကိုဖျော်ဖြေမှုပေးတဲ့ပုံစံနဲ့ ပက်သက်ပြီး ဘယ်တော့မှ ပရိသတ်ကိုမစော်ကားပါနဲ့တဲ့လေ။
ဦးသုမောင်ရိုက်သမျှကားတွေထဲ အကြင်တို့လင်မယားကို အကြိုက်ဆုံးပဲ.။ ညားကာစ လင်မယားနှစ်ယောက်ရဲ့ ဘုနဲ့ဘောက်ဒုက္ခတွေကို ရိုက်ပြထားတာများ သရုပ်ဆောင်ကလဲ တော်ရှာပါပေရဲ့။ ခုနေ နောက်တစ်ခေါက်လောက်ပြန်ပြစေချင်တယ်။ မနက်က သီချင်းတွေနားထောင်အပြီး ဘီဘီစီဖွင့်တော့ Magazine တစ်အုပ်မှာရေးထားတဲ့" ခုံ" ဆိုတဲ့ ရသစာလေးအကြောင်း ပြန်ပြောင်းလွှင့်သွားတယ်။ လူတွေရဲ့ အစွဲအလမ်းကို သူ့ကိုယ်သူ ဥပမာပေးပြီးရေးထားတာပါ။ အတွေးကောင်းသမို့အရေးလဲကောင်းရှာပါတယ်။
အခု ဒီစာကိုရေးတဲ့အချိန် မနက် ၉ နာရီ ၄၅ ဖြစ်နေပါပြီ။ ခဏနေရင် ရေဝေးမှာ သူကို့နောက်ဆုံးနှုတ်ဆက်ကြတော့မယ်။ နောက်ဆုံးခရီးကို လိုက်ပို့ချင်ပေမဲ့ အလုပ်ကပျက်မရလို့ စိတ်ထဲနာနေသလိုပါပဲ။ အနုပညာရှင်ပီသစွာနဲ့ နောက်ဆုံးအချိန်အထိစာတွေရေးသွားခဲ့တာပါ။ စွယ်စုံရတဲ့ ဦးဝင်းဦးပြီးရင် ဦးသုမောင်ကိုအလေးစားဆုံးပါပဲ။ ဦးဝင်းဦးလိုပဲ စာလဲရေး သီချင်းလဲဆို အကယ်ဒမီလဲရ။ ကိုယ်တို့တစ်တွေဘယ်လိုလုပ်ပြီးသူ့လို တော်နိုင်မှာပါလိမ့်နော်။ နောင်ဘ၀ သံသရာမှာ အခုလိုထပ်ကြုံရအုံးမယ်ဆိုရင် ဦးသုမောင်လဲ အခုလို စွယ်စုံရအနုပညာရှင်ကြီးပဲဖြစ်ပြီး ကိုယ်လဲ သူ့သီချင်းလေးတွေထပ်ပြီးနားထောင်ပါရစေလို့ ဆုတောင်းရင်း....။

မှော်ဘီကျောင်းကလေးမှာ

တနင်္ဂနွေအားလပ်ရက်လေးရလို့ အဖေရယ်အမေရယ် ၊ အိမ်နားက ကလေးလေးတွေရယ် ရုံးကားကြီးနဲ့တင်ခေါ်ပြီး မှော်ဘီကို ထွက်ခဲ့ကြတယ်။ ကျောင်းပြီးကတည်းက ကိုယ်တို့ ကျောင်းကလေးကိုပြန်မရောက်နိုင်တာ အခုဆိုရင် နှစ်နှစ်နီးပါးရှိတော့မယ်။ အချိန်မပေးနိုင်တာနဲ့ပဲ သတိရပေမဲ့ မေ့ထားခဲ့ရတဲ့နေရာလေးပေါ့။ မှော်ဘီမြို့ကလေးကတော့အရင်အတိုင်းပါပဲ. လူတွေရယ်၊ကားတွေရယ် ပြီးတော့ ဖရဲသီးတွေရယ်နဲ့ပေါ့လေ။ ကျောင်းနားရောက်ခါနီးလေ ရင်ခုန်လေပါပဲ။ ကိုယ်တို့စီးသွားတဲ့ကားက TE ရုံးကားကြီးပါ။ ဒါကိုတောင်မှ စိတ်ထဲမှာ ပါရမီကျောင်းကားစီးရသလိုစိတ်ထဲမှာထင်နေမိသေးတယ်။ ဘေးပတ်ပတ်လည်က ကလေးလေးတွေနေရာမှာ ကိုယ့်သူငယ်ချင်းတွေပေါ့။ ဒီလိုနဲ့ ကျောင်းကြီးကိုရောက်တော့ ညနေခြောက်နာရီထိုးလုနေပြီ။ ကျောင်းသစ်လမ်းမကြီးအတိုင်းကားဝင်သွားတော့ တနေရာမှာဘောလုံးကန်နေတဲ့ကောင်လေးတွေအများကြီးတွေ့ရတယ်။ ကိုယ်လဲအမှတ်တမဲ့နဲ့ လှမ်းကြည့်လိုက်တော့ တို့တွေ ကျောင်းတက်တုန်းက တစ်ခါဆုံခဲ့ဖူးတဲ့ ဆရာကြီးဖြစ်နေတာတွေ့ရတယ်။ ဘောကန်သွားမဲ့ ဘောင်းဘီတိုကလေးဝတ်ထားတဲ့ ဒို့ကျောင်းအုပ်ကြီးစိုင်းစိုင်းပေါ့ကွယ်။ သူလဲကိုယ့်ကိုမှတ်မိရှာပါတယ် ။ အိုင်တီကကောင်မလေးတဲ့လေ။ ကျောင်းကိုသတိရလို့ပြန်လာကြည့်တာလို့ပြောနေတဲ့ကိုယ့်အသံမှာ ၀မ်းနည်းသံစွက်နေသလိုပဲ.။ ကျောင်းသစ်ကြီးကတော့ သူနဲ့မဆိုင်သလို တိတ်ဆိတ်ငြိမ်သက်လို့ ။ ကောင်းလိုက်တဲ့ ကျောင်းကြီးပေါ့ ။ တိုင်လုံးကြီးတွေကလဲ အကြီးကြီးတွေ။ မသိရင် အိုလံပီယာတောင်က အိုလံပတ်စ်နတ်ကွန်းကိုရောက်သွားတဲ့အတိုင်းပဲ။ ကိုယ်ငယ်ငယ်တုန်းက စိတ်ကူးယဉ်ခဲ့ဖူးတာတစ်ခုရှိတယ်။ တစ်ခုသောမြန်မာရုပ်ရှင်ကားထဲမှာ မင်းသားနဲ့မင်းသမီးရယ် သူ့သူငယ်ချင်းတွေရယ် မန္တလေးတက္ကသိုလ်ရှေ့က လှေကားထစ်တွေမှာစကားထိုင်ပြောတဲ့အခန်းကိုကြည့်ဖူးထားတော့ တစ်နေ့ကိုယ်တက္ကသိုလ်ရောက်ရင် ကိုယ့်သူငယ်ချင်းတွေနဲ့ အဲလိုမျိုးထိုင်ပြီးစကားပြောကြမယ်လို့ပေါ့လေ။ ဒါပေမဲ့ မှော်ဘီမြို့ရဲ့ မှောင်လုဆဲဆဲနေရောင်အောက်က ကျောင်းကြီးရဲ့ လှလှပပလှေကားထစ်ပေါ်မှာ ကိုယ်တစ်ယောက်ထဲထိုင်လို့ပေါ့။ လှမ်းကြည့်မိလိုက်တဲ့ ကျောင်းကြီးရဲ့ အဓိပတိလမ်းမကြီးဟာ တစ်ချိန်တုန်းက ကိုယ်တို့ကျောင်းကားတွေ ကားကွင်းလုပ်ပြီးရပ်ခဲ့ဖူးတဲ့နေရာလေ.။ဖုန်တွေတလုံးလုံးနဲ့ နေပူအောက်မှာ ဖြူပြာဝတ်ထားတဲ့ ကိုယ်တို့ကျောင်းသားတွေရဲ့မြင်ကွင်းဟာ မျက်စိထဲ ဖျတ်ခနဲဝင်လာမိတယ်။ ရုပ်ရှင်ပြနေသလိုပါပဲလားကွာ။ အဖေကပြန်ကြစို့လို့မပြောမချင်း ကိုယ့်စိတ်တွေအတွေးနယ်ချဲ့နေခဲ့တယ်။ ညနေနေရောင်ကွယ်သလောက်ဖြစ်နေသလို ကိုယ်တို့တွေ တက်ခဲ့တဲ့ ကျောင်းဟောင်းကလေးဆီပြန်သွားကြည့်ဖို့ အခွင့်အရေးကလဲမှေးမှိန်သွားခဲ့တယ်။ စိတ်မကောင်းဖြစ်ရုံကလွဲလို့ ကိုယ်ဘာများတတ်နိုင်မှာပါလဲ။ ကျောင်းကကန်တင်းဟောင်းကလေးတွေရောရှိအုံးမလား။ အသစ်တွေပဲဖြစ်နေမလား….ဘာပဲဖြစ်ဖြစ် တနေ့နေ့တော့ ကိုယ်တို့ကျောင်းသားဟောင်းကလေးတွေဆုံပြီး မြေနီလမ်းကလေးတစ်လျှောက် ပြန်လျှောက်ကြည့်ကြတာပေါ့လေ။

မြေလတ်ရဲ့ကဗျာ

ဧရာဝတီမြစ်ရိုးတစ်လျှောက်

ခရီးက ရှည်ရှည်ရယ်

မြို့တွေရွာတွေနဲ့ မြန်မာပြည်ရဲ့သမိုင်းထဲ

ဖုန်တွေ ယာခင်းတွေ နဲ့ရေနံမြေ

လက်လုပ်လက်စား ..ပြီးတော့ သူဌေးသူကြွယ်များ

မတူညီတဲ့ဘ၀ရောင်စုံပိတ်ကားချပ်မှာ

ငါဟာ ခရီးသွားတစ်ယောက်ဖြစ်ခဲ့တယ်

သွားရင်းလာရင်းနဲ့ ခင်မင်သူတွေသတိရစိတ်

ထွေးမနိုင်မြိုမရ တမ်းတစိတ်...

အဖေရယ် အမေရယ် အိမ်ရယ် လွမ်းတဲ့စိတ်

ခဏလေးပါပဲ

ဒါပေမဲ့

မတူညီတဲ့ မြေမြင်ပေါ်က

တူညီတဲ့ကောင်းကင်ထက် ကြယ်တွေကြည့်ရင်း

လွမ်းကဗျာလေးရေးခဲ့မိတယ်...